ရော်ဘင်ဗန်ပါစီအား ဝယ်ယူနိုင်ခဲ့ခြင်းအား အဲရစ်ကန်တိုနာကို ခေါ်ယူခဲ့မှုနှင့် နှိုင်းယှဉ်ပြီး မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ချီးကျူးပြောဆို လိုက်သည်။
ထို့အပြင် ပြီးခဲ့သည့် ဘောလုံး ရာသီက ဂိုးကွာခြားချက် အရ မန်ချက်စတာ စီးတီးထံ ချန်ပီယံဘွဲ့ လွှဲပေးခဲ့ရသည့် ခါးသီးသော အခြေအနေမျိုးကို တောင့်တင်းလာသည့် မန်ယူတိုက်စစ်က ချေဖျက်ပစ်နိုင်မည်ဟုလည်း ဖာဂူဆန်က ယုံကြည်လျှက်ရှိသည်။ "ကျွန်တော်တို့ဟာ ချန်ပီယံဆုကို လက်လွှတ်ခဲ့ရတာတွေ ရှိပေမယ့် ပြီးခဲ့တဲ့ ရာသီက ဖြစ်ရပ်ကတော့ ကွာခြားပါတယ်။ ဂိုးကွာခြားချက် အနေအထားအရ ချန်ပီယံ ဆုကို ဆုံးရှုံးခဲ့ရတာပါ။ နောက်တစ်ကြိမ် ဒါမျိုး နာကျင်စရာတွေ မကြုံစေရပါဘူး။ ဒီအတွက် ကျွန်တော့်ကို ယုံလိုက်ပါ"ဟု စကော့သား မန်နေဂျာကြီးက ဆိုသည်။
၎င်းက "ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ကျွန်တော်တို့ဟာ ဗန်ပါစီလို ကစားသမား တစ်ယောက်ကို
လိုအပ်ခဲ့ပါတယ်။ တကယ့် အဆုံးသတ်သမား စစ်စစ်ပေါ့။ မန်ယူဟာ အဲဒီလို အခြေအနေမျိုးတွေမှာ အဲရစ်ကန်တိုနာလို ကစားသမားကောင်းတွေနဲ့ အားဖြည့်ဖူးပါတယ်။ ခုလည်း ဗန်ပါစီ ရောက်လာပါပြီ။ တကယ်တော့ မန်ယူဟာ ဗန်ပါစီ မရှိဘဲနဲ့ကို ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို မျှော်လင့်နိုင်စွမ်း ရှိပြီးသားပါ။ ခုတော့ အနာဂတ် အတွက် ပိုပြီး မျှော်လင့်ခွင့် ရှိလာပါပြီ။ ဝန်ခံရရင် ဗန်ပါစီကို ရလိမ့်မယ်လို့ ကျွန်တော်တို့ တစ်ခါမှ မတွေးဖူးပါဘူး။ လွန်ခဲ့တဲ့ (၆)လထိ သူ့ကို ခေါ်နိုင်မယ်လို့ စိတ်ကူးတောင် မယဉ်ခဲ့ပါဘူး" ဟု ပြောကြားခဲ့သည်။

ဖာဂူဆန်က "အာဆင်နယ်က သူ့ကို ထွက်ခွာခွင့် ပေးမယ်လို့ ကျွန်တော် မထင်ခဲ့ဘူးလေ။ သူက စာချုပ်သစ်ကို ငြင်းဆိုပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ အဲဒီ အခြေအနေမှာ ကြားဝင်ခဲ့ပါတယ်။ ပေါလ်စခိုးလ်နဲ့ ရိုင်ယန်ဂစ်တို့ရဲ့ ကစားသမားဘဝ ပြီးဆုံးမယ့် နေ့တွေက သိပ်မလိုတော့ပါဘူး။ အဲဒီ အချိန်မှာ အသင်းအတွက် ဝါရင့် တစ်ယောက်လောက်လည်း ကျွန်တော်တို့ ထပ်ပြီး လိုအပ်တယ်လေ" ဟု ကောက်ချက် ချသွားခဲ့သည်။
Credit to Soccer Myanmar
No comments:
Post a Comment