Menu

Wednesday, December 11, 2013

တက္ကသိုလ်မှာ နှင်းတွေ တကယ်ပဲဝေတော့မှာလား


ဆယ်တန်းစာမေးပွဲမှာ ဘာသာရပ်တိုင်း အမှတ် ၉ဝနီးပါးရှိတဲ့ ကျောင်းသားတွေသာ တက်ရောက်ခွင့် ကန့်သတ်လိုက်တဲ့ သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကြီးဟာ ဒီဇင်ဘာ ၅ရက်နေ့မှာ ဘွဲ့ကြိုတန်းတွေကို စတင်ဖွင့်လှစ်ခဲ့ပါပြီ။

ဝိဇ္ဇာ သိပ္ပံဘာသာရပ် ၂ဝအတွက် မေဂျာတစ်ခုကို ကျောင်းသားကျောင်းသူ ၁၅ယောက်ကို စတင်ဝင်ခွင့်ပြုခဲ့ပေမယ့် ပညာရှင်တွေ၊
ဥပဒေသမားတွေရဲ့ ကန့်ကွက်မှုတွေကြောင့် အဆင့်မြင့်ပညာ ဦးစီးဌာနက ဘာသာရပ်တစ်ခုကို နောက်ထပ် ကျောင်းသား ၅ဝစီ ခွင့်ပြုလိုက်ပါတယ်။ ဒါ့ကြောင့် ဒီဇင်ဘာ ၁၆ရက်နေ့မှာတော့ ကျောင်းသား တစ်ထောင်ကျော်လောက်နဲ့ မြကျွန်းညိုညိုဟာ ပြန်လည်စည်ကား အသက်ဝင်လာတော့မှာပါ။

ကံကော်ပင်တွေ၊ စိန်ပန်းတွေ၊ ရေတမာပင်တွေနဲ့ အိပ်မက်ထဲက တက္ကသိုလ်ကြီးကို မျှော်လင့်ချက်အပြည့်နဲ့ ရောက်လာတဲ့ ရူပဗေဒကျောင်းသူ ခင်ဖြူဖြူစင်ကတော့ နိုင်ငံခြားပညာတော်သင်တစ်ယောက်ဖြစ်ချင်တဲ့ သူ့ရဲ့စိတ်ကူးတွေနဲ့ ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

အရည်အချင်းရှိတဲ့ ထူးချွန်တဲ့ကျောင်းသားကျောင်းသူတွေကိုပဲ ရွေးချယ်ခဲ့တာဟာ အခြားတက္ကသိုလ်က ကျောင်းသားတွေနဲ့ ခွဲခြားလိုက်တာမဟုတ်ဘဲ အရည်အချင်းလိုက် ကွဲပြားသွားတာဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က ဆိုပါတယ်။

ပုံမှန်စာသင်တန်းတွေ စတင်မယ့် ၁၆ရက်နေ့မတိုင်ခင် အဆောင်တွေမှာ နေရေးစားရေးအတွက် တက်သုတ်ရိုက် စီစဉ်နေကြပါတယ်။ ဓာတုဗေဒ ပထမနှစ်ကျောင်းသား မျိုးနိုင်ဝင်းက ရန်ကုန်တက္ကသိုလ်မှာ သင်ယူနိုင်ရင် အခြားကျောင်းတွေထက် အခွင့်အရေးပိုရမယ်လို့ သူယုံကြည်တယ်လို့ ဆိုပါတယ်။

အကန့်အသတ်နဲ့ ကျောင်းသားတွေကို ဝင်ခွင့်ပြုတဲ့ အစိုးရရဲ့ထိန်းချုပ်မှုတွေဟာ လူနည်းစုကိုပဲ အကျိုးဖြစ်စေမို့ တစ်နိုင်ငံလုံးက လူငယ်တိုင်းရင်းသားတွေအားလုံး အကျိုးရှိစေမယ့် ပြုပြင်ပြောင်းလဲရေးမျိုးဖြစ်သင့်တယ်လို့ ဒေါက်တာသိန်းလွင်က ဝေဖန်ပါတယ်။

ထူးချွန်ကျောင်းသားကျောင်းသူတွေကို သီးသန့်မွေးထုတ်ပေးဖို့ဖြစ်တာမို့ ပထမအသုတ် ကျောင်းသား ၃ဝဝမှာ တကယ်တန်း ၁၇ဝလောက်ပဲပါခဲ့တာကြောင့် နောက်ထပ် ခေါ်နေပြီလို့ ပါမောက္ခချုပ်က ဆိုပါတယ်။ ဆရာကြီးကတော့ အစရဲ့အစလေးဟာ အားနည်းချက်တွေရှိပေမယ့် ကြိုးစားရမယ်လို့ ယုံကြည်နေပါတယ်။

တက္ကသိုလ်ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတက် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ်ကို စံပြနမူနာအဖြစ် အဆင့်မြှင့်တင်ဖို့ ကြိုးစားနေပေမယ့် အခုအစိုးရလုပ်နေတဲ့ ဟန်ပြတွေကို ရပ်ပြီး ပညာရေးကော်မတီက တင်ထားတဲ့ လွှတ်တော်က ဆုံးဖြတ်တဲ့အချက်တွေကို လုပ်ဖို့ ဒေါက်တာသိန်းလွင်က ဆိုပါတယ်။

ဖုတ်ပူမီးတိုက် အပြင်အဆင်တွေနဲ့ ရန်ကုန်တက္ကသိုလ်ဟာ အနာဂတ်မျိုးဆက်သစ်တွေကို တကယ်ပဲ မွေးထုတ်ပေးနိုင်ပါ့မလားဆိုတာကတော့ ဖြေဖို့သိပ်ကို စောလွန်းနေပါသေးတယ်။

credit to www.kamayutmedia.com

No comments:

Post a Comment

.................... ×××××××× လာရောက် လည်ပတ်သူအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါသည်ခင်ဗျား ×××××××× ....................