(၂၇)ကြိမ်မြောက် ဆီးဂိမ်းဘောက်ဆင်ပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိလက်ဝှေ့ အားကစားရုံတွင် ဆက်လက်ကျင်းပရာ ၅၄-၅၇ ကီလိုတန်း၌ မြန်မာမှ နွယ်နီဦးက အင်ဒိုနီးရှားမှ အီမာကူလတာလိုဒါကို အမှတ်ပြတ်ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။
"ပရိတ်သတ်တွေ အများကြီးလာအားပေးလို့ အရမ်း
စိတ်လှုပ်ရှားမိတယ်။ သင်ပေးတဲ့ ဆရာတွေအားလုံး ကျေးဇူးကြောင့် နိုင်တာပါ။ ပြိုင်ဘက်ကောင်းနဲ့ တွေ့တာဆိုတော့ ပြိုင်ရတာ ခက်ခဲမှုရှိပါတယ်။ ဒါကြောင့်နိုင်ဖို့အတွက် သေချာအာရုံစိုက်ပြီး ကြိုးစားခဲ့ရပါတယ်။ ဒီပြိုင်ပွဲကိုပြိုင်ဖို့ ကျွန်မရဲ့အလုပ်ကိုပစ်ပြီး လာပြိုင်ရတာပါ။ ပရိတ်သတ်တွေရဲ့ အားပေးသံက ကျွန်မအတွက်နိုင်ဖို့ လုံလောက်တဲ့ အားတစ်ခုပါ။ နောက်တစ်ပွဲကိုအနိုင်ယူပြီး ရွှေရအောင် ကြိုးစားသွားမှာပါ"ဟု မြန်မာအမျိုးသမီး လက်ဝှေ့ ကစားသမားနွယ်နီဦးက ပြောသည်။
"တကယ်ကို အားကြိုးမာန်တက်နဲ့ ကြိုးကြိုးစားစား ယှဉ်ပြိုင်သွားတာပါ။ သပ်သပ်ရပ်ရပ်လေး ထိုးသွားနိုင်တယ်။ ခုခံကာကွယ်မှုတွေ ကောင်းတယ်။ အချီတိုင်းမှာ အသာစီးရအောင် ထိုးသွားနိုင်တယ်။ ပြိုင်ဘက် အင်ဒိနီးရှား ကစားသမားက သူ့ထက်ခွန်အား၊ အရပ်အမောင်း၊ ကိုယ်အလေးချိန် သာတယ်။ ၅၇ ကီလိုတန်းမှာ နွယ်နီဦးက ၅၅ကီလိုလောက်ပဲ ရှိတယ်။ အဲဒီမှာအင်အားကွာခြားမှုရှိပါတယ်။ ဖိုင်နယ်မှာ ဖိလစ်ပိုင်ကို အနိုင်ထိုးနိုင်ရင် အားလုံးမျှော်လင့်နေတဲ့ ရွှေတံဆိပ်ကို ရယူနိုင်မှာပါ"ဟု မြန်မာအသင်း နည်းပြချုပ် ဦးတင်မောင်ဖေက ပြောသည်။
အမျိုးသမီးလက်ဝှေ့ပြိုင်ပွဲ ၅၄-၅၇ ကီလိုတန်းတွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် မြန်မာတို့ ပါဝင် ယှဉ်ပြိုင်ပြီး ဗိုလ်လုပွဲအား ဒီဇင်ဘာ ၁၄တွင် မြန်မာမှ နွယ်နီဦးနှင့် ဖီလစ်ပိုင်မှ Nesthey Petecio တို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
Source: 27th SEA Games Daily News
No comments:
Post a Comment