Friday, August 23, 2013
အိန်ဂျယ်
သို့/
ချစ်ရပါသော အိန်ဂျယ်
နေကောင်း ကျန်းမာ အီးပုံမှန် ပါရဲ့လား။ အိုဘီမင် ကို တစ်နေ့ တစ်လုံး ပုံမှန်သောက်ပါ အိန်ဂျယ်။ Fire Dragon တော့ မသောက်မိစေနဲ့။ တော်ကြာ ပြေတီဦး လို ရပ်နေတဲ့ ကားတွေပေါ် ဂျွမ်းထိုး မိမှာ စိုးလို့ပါ။ ဘာလိုလိုနဲ့ အာဇာနည် နေ့ ရောက်တော့မယ် အိန်ဂျယ်။ ဒီနေ့လဲ ကလေး တစ်ယောက်ကို အာဇာနည်နေ့ သိလားလို့မေးမိပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက် ဆိုလို့ ငါ့မှာ သွေးပေါင်ပြေးချိန် လိုက်ရသေးတယ်။ ထားလိုက်ပါလေ သူကြီးလာရင် သိမှာပါ လို့ ထင်ရတာပဲ အိန်ဂျယ်။ ငါတို့ မွေးလာတဲ့ ကလေး ကျရင်တော့ မွေးကင်းစ ကတည်းက
နေ့ထူးနေ့မြတ်တွေကို စာနဲ့ရေးပြီး လည်ပင်းမှာ ကြိုးနဲ့ ဆွဲထားပေးလိုက်ရင် ကောင်းမယ်လို့ တွေးမိသေးတယ်။ ဒါမှ မဟုတ် ကလေး နာမည်ကို "အာလွတ်တောင်လုပ်မျိုး" လို့ နာမည်ပေးလိုက်ရင် ကောင်းမယ်။ အာဇာနည်နေ့ လွတ်လပ်ရေးနေ့ တောင်သူလယ်သမားနေ့ အလုပ်သမားနေ့ နဲ့ အမျိုးသားနေ့ အတိုကောက်တွေပါလေ။ သဘောတူရင် လက်ခုပ်တီးပါ အိန်ဂျယ်။
အခု တလော နင့်ကို ပြင်းပြင်းထန်ထန် သတိရနေတယ် အိန်ဂျယ်။ ဒါနဲ့ ဒီအတိုင်းနေရင် နင့်ကို သတိရတဲ့ စိတ်တွေ ပိုပိုဆိုးလာလို့ ဒီနေ့တော့ အဆောင်ရှေ့က ခွေးကို အတင်းဖမ်းချုပ်ပြီး ရေချိုးပေးလိုက်သေးတယ်။ နင်လဲ ကျန်းမာရေး ဂရု စိုက်ပါ။ ဖျားရင် ရေချိုး ၀မ်းလျှောရင် ရှောက်သီးစားပါ အိန်ဂျယ်။ အဲ့လိုပြောမယ်လို့တော့ နင်မထင်လိုက်ပါနဲ့။ ပျင်းနေရင် နေရဲမာန် သီချင်းကို တစ်ခွေလုံး နားထောင်ပါ အိန်ဂျယ်။ အ၀တ်တွေကို လဲ လက်နဲ့ မလျှော်ပါနဲ့။ အထဲက ကလေး က ဒီအချိန် သိပ်မမြဲသေးဘူးလေ။ ဒီတော့ ခြေထောက်နဲ့ပဲ နင်းလျှော်ပါ။ အဲ့လို ပြောမယ်လို့တော့ မထင်လိုက်လေနဲ့။ တစ်သက်လုံး မပြောဘူး။ အိမ်မှာလည်း တံမြက်စည်း မလှဲပါနဲ့။ ဖုန်စုပ်စက်နဲ့ပဲ စုပ်ပါ။ ရေပုံးနဲ့ အပြည့် လဲ ရေမခပ်ပါနဲ့။ တစ်ဝက်စီ နှစ်ခါ ခွဲသယ်ပါ။ သဘောတူရင် လက်ခုပ်တီး ပါ အိန်ဂျယ်။
ငါ့ကို သတိရရင် စာရေးပြီး စာတိုက်ကနေ ပို့လိုက်ပါ အိန်ဂျယ်။ ဖုန်းထဲကနေ ပြတ်တိ ပြတ်တောင်း ဖြစ်ဖြစ်နေတဲ့ နင့်အသံလေးကို ငါမကြားရက်လို့ပါလေ။ ငါလဲ အခုတလော ကျန်းမာရေး လိုက်စားနေပါတယ်။ နင်စိတ်ချပါ။ ဒီမနက်လဲ ငါ ပတ်ပြေးလိုက်သေးတယ်။ လေယာဉ်ကွင်း တစ်ပတ်။ အဲ့လို မထင်လိုက်ပါနဲ့ အိန်ဂျယ်။ တကယ်တော့ ကုတင် တစ်ပတ်ပါ။ ဒါတောင် တစ်ဝက်မှာ မျက်စိတွေ ပြာလာလို့ အချိုရည် ပြေးသောက် အောက်ဆီဂျင် ပြေးရှု အကြောဆေးတစ်လုံး သွင်းလိုက်ရသေးတယ်။ ဒါပေမယ့် ကျန်းမာရေး အတွက် အားကစား တစ်မျိုး ဖြစ်တဲ့ ဘောလုံးကန်တာကိုပဲ ငါရွေးချယ်လိုက်တယ် အိန်ဂျယ်။ တီဗီဂိမ်း ထဲက ဘောလုံးကန်တာကို ပြောတာပါ။ သဘောတူရင် လက်ခုပ်တီးပါ အိန်ဂျယ်။
ဟိုနေ့ကလည်း နင့်မွေးနေ့ အတွက်ရည်ရွယ်ပြီး ငါချဲထိုးလိုက်သေးတယ်။ မပေါက်ပါဘူး အိန်ဂျယ်။ သုံးလုံးစလုံး ကပ်လွဲသွားတယ်။ ဒါပေမယ့် နင့်မွေးနေ့ ကို ဂုဏ်ပြုသော အားဖြင့် အဲ့နေ့က ငါရုံးမတက်ဘူး အိန်ဂျယ်။ ဘာမှတော့ မဖြစ်ပါဘူး။ အဆူခံရရုံလေးပါ။ နင်လဲ ငါ့မွေးနေ့ရောက်ရင် ငါ့ကို ဂုဏ်ပြုသော အားဖြင့် ဂေါ်လီ အလုံးသုံးဆယ် နဲ့ ခွေးအကောင်သုံးဆယ်ကို မထိ မချင်း လိုက်ပစ်ပေးပါ ။ ဘုရားပုံမှန်ရှိခိုးပါ အိန်ဂျယ်။ ငါလဲ မနေ့ညက ကြောင်တောင်တောင် ဖြစ်ပြီး ဘုရားထရှိခိုးလိုက်တာ သြကာသ ပဲ မှတ်မိတော့လို့ ဘုရားကို အတင်းတောင်းပန် လိုက်ရသေးတယ်။ ငါတို့မွေးလာတဲ့ ကလေးကျရင် သူ့အဖေ လို မဖြစ်ပါစေနဲ့။ ကိုယ့်ကိုကိုယ်လည်း အားကိုးတတ်အောင် အလေ့အကျင့်ပေးတဲ့ အနေနဲ့ မွေးကတည်းက အခန်းခွဲသိပ်မယ် စဉ်းစားထားတယ် အိန်ဂျယ်။ သူမလွတ်လပ်မှာ စိုးလို့ပါလေ။ သဘောတူရင် လက်ခုပ်တီးပါ အိန်ဂျယ်။ဒီနေ့တော့ ဒီလောက်ပါပဲ။ တော်သေးပြီ။
Facebook ပေါ်ကတွေ့ခဲ့တာ မမှတ်မိတော့လို့ မူလပိုင်ရှင်ကို Credit ပါခင်ဗျာ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment