အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် တတိယမြောက်ပြည်ပခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ရန် စက်တင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာမည့် TG 306 လေယာဉ်ဖြင့် စတင်ထွက်ခွာသွားပြီ ဖြစ်သည်။ယင်းခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦးဖြိုးဇေယျာသော်(လွှတ်တော်ရေးရာကိုယ် ရေးအရာရှိ)၊ ဒေါက်တာတင်မာ အောင် (ကိုယ်ရေးအရာရှိ) နှင့် ကိုဇော်မင်းဦး (အဖွဲ့ချုပ်လက်ထောက် လူငယ်)တို့ သုံးဦးလိုက်ပါ သွားကြောင်းသိရသည်။
အမေရိကန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် သည် Asia Society Global Vision Award ဆုကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရယူသွားမည် ဖြစ်သည်။ အောက်တိုဘာလ ၃ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုမှ ပြန်လည် ထွက်ခွာလာမည်ဖြစ်ပြီး အောက်တို ဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်တွင် ထည့်သွင်းရေးဆွဲထားမှု မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံသွားဖွယ်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောကြားချက်များအရ သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ မေလ ၂၉ ရက်က ၆ ရက်ကြာသွားရောက်ခဲ့ပြီး ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် ဇွန်လ ၁၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဥရောပနိုင်ငံများဖြစ်သည့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံများသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment